လိပ်သို ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက်စာဖတ်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (ပြ) နော်ဖလောရင်းဟန်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဉီးနှင့်တစ်ဉီး စာပေနှင့်ပတ်သက်သည့် အတွေးအခေါ်များကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာဖတ်ခြင်းသည် မိမိ၏ဘဝကို အဆင့်အတန်းမြင့်မားလာအောင် ဖန်တီးပေးနိုင်သောကြောင့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-9 ကျောင်းသူ နော်ဂျူဂျူးက “အနာဂတ်ရိက္ခာ စာဖတ်ပါ ” ခေါင်းစဉ်အောက်မှ “ကလေးတွေရဲ့ အနာဂတ်မှာ တွေ့ကြုံရမည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေများသည် ယခုထက်ပိုပြီး သိမ်မွေ့ နက်နဲကာ ခေတ်မှီဆန်းပြားလာမှာဖြစ်ကြောင်း၊ အဲဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ သာမန်ဉီးနှောက်မျိုးနဲ့ မလုံလောက်တော့ပဲ တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး အရာရာကို ပါးနပ်လိမ္မာစွာ ဖြေရှင်းနိုင်တဲ့ဉီးနှောက်မျိုးရှိဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် ကလေးတွေရဲ့ အနာဂတ်အတွက် တီထွင်ဖန်တီးနိုင်စွမ်းရှိဖို့ ယခုကတည်းက စာများများဖတ်ဖို့ လိုအပ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးသူ ကလောင်စုံ ရေးသားသော “ကလေးနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် စာဖတ်ခြင်း” စာအုပ်အား ဖတ်ရှုခြင်းဖြင့် စာဖတ်ခြင်းသည် မိမိအတွက် အနာဂတ်မှာ အကျိုးပြုမည့် အရည်အသွေးကောင်းများ ရရှိလာမှာဖြစ်ကြောင်း သိရသည်။
နော်ဖလောရင်း