ပြည် ဇန်နနဝါရီ ၁၄
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂နာရီက ပြည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းတို့ ဆောင်ရွက်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာခိုင်က ကျောင်သား၊ ကျောင်းသူများအတွက် အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးမှုအား ကျေးဇူးတင်စကား ပြောကြားသည်။ ယင်းနောက် အဆိုပါကျောင်းမှ Grade-6 ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုသန့်က လူငယ်နှင့် အနာဂတ်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေမည့် စာအုပ်စာပေများဖတ်ရှုလေ့လာရေးအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ပြည်မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်လင်းက စားသုံးသူကာကွယ်ရေးခေါင်းစဉ်ဖြင့် စားသုံးသူအခွင့်အရေး (၈) ချက်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်(၄)ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားဆောင်ရွက်နိုင်သည့်နည်းလမ်းများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်လှည့်စာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ် စာစောင်များနှင့် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်သိမှတ်ဖွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)