၂၀၂၆ ခုနှစ် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားအကြိုရင်တွင်းစကားသံများ

ငြိမ်းချမ်းရေးကအရေးကြီးပါတယ်။ ပြည်နယ်ငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသားအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဦးတင်လှ (ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး)

လွိုင်ကော်      ဇန်နဝါရီ        ၁၄

၂၀၂၆ ခုနှစ် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားအတွက် အကြိုလှုပ်ရှားမှုများပြုလုပ်လျက်ရှိရာ ပါဝင်ဆင်နွှဲသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြအပ်ပါသည် -

ဦးတင်လှ

ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ စိုက်ပျိုးရေး မွေးမြူရေးကို အခြေခံတဲ့ အသေးစားအလတ်စားနဲ့ အငယ်စား MSME ပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းတွေကို အများပြည်သူလေ့လာနိုင်စေဖို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လေ့လာသိရှိနိုင်စေဖို့ ခင်းကျင်းပြသထားပါတယ်။ ပြိုင်ပွဲတွေအနေနဲ့ ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်တင်ဆက်နိုင်ဖို့နဲ့  တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ၊ တိုင်းရင်းသားအားကစားနည်းတွေကို ဖော်ထုတ်ထိန်းသိမ်း နိုင်ဖို့အတွက် ရိုးရာအားကစားပြိုင်ပွဲတွေကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပါတယ်။ ဒီလို ပြည်နယ်နေ့အခမ်းအနား ပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကယားပြည်နယ် အေးချမ်းသာယာဖို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးကအရေးကြီးပါတယ်။ ပြည်နယ်ငြိမ်းချမ်းဖို့အတွက် တိုင်းရင်းသားအားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။

ဒေါက်တာခိုင်ဇော်နိုင်(ဒုတိယပါမောက္ခချုပ်)

နည်းပညာတက္ကသိုလ်(လွိုင်ကော်)

တိုင်းရင်းသားရိုးရာအကပြိုင်ပွဲရယ်လို့ မလုပ်ဖြစ်တာကြာပြီမို့ ဒီ(၇၄)နှစ်မြောက် ကယားပြည်နယ် နေ့အထိမ်းအမှတ်အနေနဲ့ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို “ကန္ဒာ‌ဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်” မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်။    မြို့နယ်အတွင်းက ရပ်ကွက်ကျေးရွာကိုယ်စားပြု အကအဖွဲ့တွေ၊ တက္ကသိုလ်/ဒီဂရီကောလိပ်/ သင်တန်းကျောင်းအကအဖွဲ့တွေ၊ အခြေခံပညာ ကျောင်းအကအဖွဲ့တွေစသဖြင့် ပေါင်းစုလိုက်တော့ ၃၈ဖွဲ့ရှိပါတယ်။ အကအမျိုးအစားအနေနဲ့ ကယားကိုးမျိုးအက၊ ကယားအက၊ ကယန်းအက၊ မနုမနောအက၊ ယင်းဘော်အက၊ ပအိုဝ်းအက၊ အင်းသားအက၊ ရှမ်းအက၊ ဗမာအကစသဖြင့် တိုင်းရင်းသားအကမျိုးစုံ ပါဝင်ကပြယှဥ်ပြိုင်ကြမှာပါ။ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲကို ကျင်းပခြင်းဖြင့် ကယားပြည်နယ်ရဲ့ အသက်ဝင်လှပတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရိုးရာအကတွေကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်နိုင်ဖို့၊ တိုင်းရင်းသားလူငယ်များ မိမိတို့ရဲ့ရိုးရာအကတွေကို စိတ်ပါဝင်စားစွာ သင်ယူလေ့ကျင့်လာစေဖို့၊ လူမျိုးတစ်မျိုးချင်းစီရဲ့ ထူးခြားတဲ့ ရိုးရာဓလေ့တွေကို ပြသနိုင်ဖို့နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အဓိကကတော့ တိုင်းရင်းသားသွေးစည်းညီညွတ်မှုကို ဖော်ထုတ်ပြသ နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ကယားပြည်နယ်နေ့ဆိုတာ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒနဲ့ ၁၉၅၂ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ကစလို့ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းကိုအမှတ်ရစေတဲ့ အလွန်အရေးကြီးတဲ့နေ့ပဲ ဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ကို ကယားပြည်မှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးက အလေးအမြတ်ထားကြတာကို တွေ့ရပါတယ်။ ကယားပြည်နယ်ကြီး ဒီထက်မကအေးချမ်းသာယာပျော်ရွှင်စွာ၊ စည်းလုံးညီညွတ်စွာ အရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာတာကို မြင်ချင်ပါတယ်။

ဒေါက်တာတင်မေထွေး(ကျောင်းအုပ်ကြီး)

ပညာရေးဒီကရီကောလိပ်

ကယားပြည်နယ်နေ့အခမ်းအနားမှာ အားကစားပြိုင်ပွဲ (၁၁) ခုကျင်းပသွားမှာဖြစ်ပါတယ်။ စက်ဘီးစီးပြိုင်ပွဲ၊ မာရသွန်အပြေးပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ တိုက်ကွမ်ဒို၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းစတဲ့ အားကစားနည်းတွေအပြင် ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်နဲ့ မူကြိုကလေးအပြေးပြိုင်ပွဲများ ပါဝင်ပါမယ်။ ရိုးရာအားကစားပြိုင်ပွဲတွေအနေနဲ့ စပါးထောင်း၊ ကယား/ကယန်းနဘန်းပြိုင်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ပညာရေးဒီကရီကောလိပ်က ကျောင်းသားကျောင်းသူများကတော့ မီနီမာရသွန်၊ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုင်းရင်းသားရိုးရာအကတွေမှာဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ပြိုင်ပွဲအားလုံး မှာ လူငယ်တွေ စိတ်အားထက်သန်စွာ၊ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွပါဝင်ယှဉ်ပြိုင်ကြတာ တွေ့ရပါတယ်။  ပြည်နယ်နေ့အခမ်းအနား အားကစားပြိုင်ပွဲတွေ ကျင်းပပေးခြင်းဟာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးဖို့၊ အချင်းချင်းချစ်ခင်စည်းလုံးဖို့နဲ့ မိမိပြည်နယ်ကို ချစ်ခင်တန်ဖိုးထားစိတ်တိုးပွားဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ရိုးရာအားကစားနည်းတွေမပျောက်ကွယ်စေဖို့ တန်ဖိုးထားမြှင့်တင်ဖော်ထုတ်ရာလည်း ရောက်ပါတယ်။ (၇၄) နှစ်မြောက်ကယားပြည်နယ်နေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင် ကယားပြည်နယ်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်တောင်းပါတယ်။

ဦးစိုင်းတင်အောင်သိန်း(ညွှန်ကြားရေးမှူး)

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားမှာ ဌာနဆိုင်ရာ ပြခန်း စုစုပေါင်း ၁၈ ခု ကို ခင်းကျင်းပြသလျက်ရှိပါတယ်။ ဝန်ကြီးဌာနအလိုက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကလည်း ပြခန်းများ နှစ်စဉ်ပါဝင်ပြသရတဲ့ ရည်ရွယ်ချက်ကတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်သူများ နားလည်လွယ်ကူစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့တဲ့ စီမံကိန်းတွေ၊ လက်ရှိ ဆောင်ရွက်ဆဲလုပ်ငန်းတွေနှင့် အနာဂတ် အစီအစဉ်တွေကိုပါ တစ်နေရာတည်းမှာ အများပြည်သူသိရှိနိုင်စေဖို့ ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့  MSME လုပ်ငန်းများကို ပံ့ပိုးမြှင့်တင်ပေးနေတဲ့ ဌာနဆိုင်ရာတွေနဲ့ လုပ်ငန်းရှင်များရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ပြည်သူများ သိရှိနိုင်စေဖို့၊ တစ်ဖက်မှာလည်း ပြည်နယ်အတွင်းဘယ်လိုစီးပွားရေး အခွင့်အလမ်းရှိတယ်ဆိုတာကို ပိုမိုသိရှိစေဖို့နှင့်  MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် အလေးထားဆောင်ရွက် ပေးနေတာတွေကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြသခြင်းဖြစ်ပါတယ်။

ဌာနဆိုင်ရာပြခန်းတွေကို ဆုချီးမြှင့်မယ့် အစီအစဉ်အနေနဲ့ကတော့ ပြည်သူ့အကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံ့အကျိုး ဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ခင်းကျင်းပြသနိုင်တဲ့ အကောင်းဆုံးပြခန်း(၅)ခုကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး ပထမဆုကနေ ပဉ္စမဆု၊ အထူးဆုများကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ လာရောက်လေ့လာ ကြည့်ရှုသူတွေအနေနဲ့ အစိုးရဌာနတွေကဆောင်ရွက်ပေးခဲ့တဲ့ လုပ်ငန်းတွေကိုတိုက်ရိုက်သိရှိနိုင်သလို ကိုယ်ပိုင်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းရယူနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းစတင်ဆောင်ရွက်လိုသူများနှင့် MSME လုပ်ငန်းရှင်များအတွက် မိမိလုပ်ငန်းနှင့်သက်ဆိုင်သည့် ဌာနများကိုသိရှိနိုင်ပြီး တိုက်ရိုက်မေးမြန်း ဆက်သွယ်နိုင်သဖြင့် အချိန်နဲ့ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်တဲ့အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်ပါတယ်။ ဒီလိုပြခန်းတွေဟာ ပြည်သူများရဲ့ အသိပညာနဲ့အခွင့်အလမ်းသိမြင်မှုကို မြှင့်တင်ပေးနိုင်တဲ့အတွက် လာရောက်လေ့လာကြည့်ရှုသူတွေအတွက်  အကျိုးရှိမှာပါ။

မစုအိဖြိုး
တိုင်းရင်းသားရိုးရာအကပြိုင်ပွဲဝင်

တိုင်းရင်းသားရိုးရာအကမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်အဖွဲ့တွေများတဲ့အတွက် ပြိုင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းသလို ပျော်ဖို့လဲကောင်းပါတယ်။ ကျောင်းကပွဲတွေ ပြည်နယ်မှာကျင်းပတဲ့ပွဲတွေမှာ ကယားအကကို ပါဝင်ကပြဖူးပါတယ်။ ပြိုင်ပွဲအနေနဲ့ကတော့ ပထမဆုံးဝင်ပြိုင်တာဖြစ်ပါတယ်။ အဖွဲ့မှာ ပြိုင်ပွဲဝင်(၁၆)ဦးပါဝင်ပြီး အားလုံးစိတ်အား ထက်သန်စွာယှဉ်ပြိုင်ခဲ့တဲ့အတွက် ဆုရရှိမယ်လို့လဲ ယုံကြည်မျှော်လင့်ပါတယ်။ ကယားပြည်နယ်မှာနေထိုင်တဲ့ လူငယ်တစ်ယောက်အနေနဲ့ ပြည်နယ်နေ့အခမ်းအနားမှာ ပါဝင်ဆင်နွှဲခွင့်၊ ရိုးရာအကတွေကို ကပြယှဉ်ပြိုင်ခွင့်၊ ဖော်ထုတ်ခွင့်ရတဲ့အတွက်လဲ ဂုဏ်ယူမိပါတယ်။ ကယားပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်နိုင်ပါစေလို့လဲ ဆန္ဒပြုပါတယ်ရှင့်။

တွေ့ဆုံမေးမြန်း- ရှင်းသန့်ချို