ဘားအံ ဇန်နဝါရီ ၁၃
ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း/လက်ခံခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများထံ သွားရောက်သင်တန်းတက်ခဲ့ပြီး မှားမှန်းသိခဲ့၍ ယခုကဲ့သို့အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့်အပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်သူပြည်နယ်သားအပေါင်းမှ လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာခြင်းသည် နိုင်ငံတော်အတွက်ရော ပြည်သူလူထုနှင့်မိမိမိသားစုအတွက်ပါ အကျိုးရှိသည့်အတွက် နီးစပ်ရာ တပ်၊ ရဲစခန်း၊ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များနှင့်ဆက်သွယ်ဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက အသိပညာပေးစကားပြောကြားပြီး PDF သင်တန်းဆင်းအလင်းဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူပါရှိလာသော သေနတ်(၅)လက်၊ လက်ပစ်ဗုံး(၈)လုံးနှင့် ခဲယမ်းများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံအပ်နှံခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ချီးမြှင့်ငွေကျပ် (၁၅၄) သိန်းကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် PDF သင်တန်းဆင်းအလင်းဝင်ရောက် လာသူများနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)