ဘားအံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်အတွင်း တရုတ်လှ၊ ဘားကပ်၊ ထုံးအိုင်၊ ဇာသပြင်၊ သံလှယ်နှင့် ဂျိုင်း စသည့် မြစ်ရေတင်စီမံကိန်း (၆)ခုမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုက်ဧကပေါင်း ၂၄၀၀ ကျော်ကို စိုက်ပျိုးရေပေးဝေသွားရန်လျာထားဆောင်ရွက်လျက်ရှိပြီး အဆိုပါမြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆိုလာ ဓာတ်အားပေးစနစ်ကို တွဲဘက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။
ကရင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဘားကပ်မြစ်ရေတင်နှင့်တရုတ်လှမြစ်ရေတင် လုပ်ငန်းတို့ကို ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၃ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၄ ဒဿမ ၄ သန်းဖြင့် ၆၈ ဒသမ ၈၈ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင် ရေပေးဝေနေသော တရုတ်လှမြစ်ရေတင်လုပ်ငန်း အား ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ပြည်နယ်ဦးစီးမှူးက တရုတ်လှ မြစ်ရေတင်ဆိုင်ရာအချက်အလက်များနှင့်စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ဧကတိုးတက်စိုက်ပျိုးနိုင်ရေး၊ လျှပ်စစ်မီးရရှိမှုအခြေအနေ၊ ဆိုလာတပ်ဆင်မှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမေးမြန်းသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တရုတ်လှမြစ်ရေတင်လုပ်ငန်းအကျိုးပြုဧရိယာအတွင်း လျာထား နွေသီးနှံ ဧက ၅၆၀ အနက် ကွင်းအမှတ်(၁၂၁၀)တရုတ်လှကွင်းတွင် ကန်စွန်း၊ ရုံးပတီ၊ ချဉ်ပေါင် အစရှိသော နွေသီးနှံ ဟင်းသီးဟင်းရွက် (၄၀)ဧက စိုက်ခင်းအား ကြည့်ရှုအားပေးရာ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့်တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာများနှင့်ရေပေးဝေရေးဆိုင်ရာများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်ဝယ်လိုအားကောင်းသည့် မည်သည့်သီးနှံမဆို တိုးချဲ့စိုက်ပျိုးရန်၊ မြေလွတ်မြေလပ်မကျန်သီးထပ်သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစားထိ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ကျပ် ၁၄၄ ဒသမ ၂၅ သန်းဖြင့် ၅၅ ဒဿမ ၃၅ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်ရေပေးဝေနေသော ဘားကပ်မြစ်ရေတင် လုပ်ငန်းအားသွားရောက်ကြည့်ရှု စစ်ဆေးကာ မြေသားမြောင်း၊ လယ်ကြားမြောင်းများအား စနစ်တကျ ပြုပြင်ထိန်းသိမ်း၍ စိုက်ဧကတိုးတက်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်မြစ်ရေတင်လုပ်ငန်းအကျိုးပြုဧရိယာအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လျာထားဧက ၅၃၀ အနက် ကွင်းအမှတ် ၁၀၀၉(ခ)၊ ဘားကပ်ကွင်းတွင် ပဲတီစိမ်းကွင်းပြည့် ဧက ၂၅၀ စိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေမှုအခြေအနေများကို ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများအား စားသုံးသူအတွက်ဘေးအန္တရယ်ကင်းရှင်းသည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန် မြေပြုပြင်သည်မှ အစပြု၍ စားသုံးသူလက်ဝယ်ရောက်ရှိသည်အထိ GAP စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို အသိပညာပေးဆောင်ရွက်မှု၊ နိုင်ငံခြားပို့ကုန်ဖြစ်သည့်ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင်လည်းတောင်သူများအား GAP စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ဖြန့်ဝေအသိပညာပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးကာ တောင်သူများအား ရွက်ဖျန်းမြေဩဇာအိတ်များ အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)