မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ(ပထမအကြိမ်) လေလံတင်ရောင်းချ

မင်းလှ ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အ ရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှဌေးက အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဒေါ်သီတာဝင်းက လေလံစည်းကမ်းချက်များကို ဖတ်ကြားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် (ပထမအကြိမ်) အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်၍ အပေါင်ဆိုင်လိုင်စင်များအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ဈေးကောက်လိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း၊ မြို့နယ်ဝင်ကြေးကောက်လိုင်စင်များကို BOT စနစ်ရရှိသော ကုမ္ပဏီများအား သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ကျန်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့်လည်းကောင်း လေလံတင်ရောင်းချခဲ့ရာ လိုင်စင်စည်းကမ်းညွှန်ကြားချက်များနှင့်ညီညွတ်သော ဒေသခံပြည်သူများက ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ(ပထမအကြိမ်) လေလံတင် ရောင်းချခြင်းဖြင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ (၂၃၈၅.၆၅)သိန်းကျပ်ရရှိခဲ့ကြောင်း၊ ကျန်ရှိသော လေလံကိစ္စရပ်များကို ဒုတိယအကြိမ် လေလံတင်ရောင်းချခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)