ညောင်လေးပင် ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က မူလတန်းလွန်ကျောင်း(ရွာသစ်ရပ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကိုဖတ်ကြရန်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား ဗဟုသုတရဖွယ် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ရုပ်ပုံပြဇာတ်နှင့် ရုပ်ပုံပါပုံပြင်စာအုပ်များဖြင့် ပုံပြင်ပြောပြခြင်း၊ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်/စာစောင်များကို ဖတ်ရှုစေခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)