ဘားအံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်အစိုးရအဖွဲ့ အကြိမ် (၂၀) မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဘားအံမြို့ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပသည့် စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပရေးစီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲကို စည်ကား သိုက်မြိုက်စွာကျင်းပသွားနိုင်ရေး ဆပ်ကော်မတီ၊ အထောက်အကူပြုလုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး လိုအပ်သည်များကို ယခုအစည်းအဝေးတွင် တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးအထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုစုပေါင်းထမနဲထိုးပြိုင်ပွဲ အထိမ်းအမှတ်မီးပုံးပျံကြီးများလွှတ်တင်နိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ဆုချီးမြှင့်ရေး၊ အမှတ်ပေးအကဲဖြတ်နိုင်ရေး၊ စာရင်းစစ်ဆေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး သည်။
အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အထမနဲထိုးအသင်း ၆၆ သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရှိရပြီး မီးပုံးပျံကြီး ၁၁ လုံးတို့ကို လွှတ်တင်သွားမည်ဖြစ်သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)