မိုးညိုတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေပျော့၍ သစ်ပင်လဲရာမှ ပိမိခဲ့သော နေအိမ်(၂) လုံးအား သွားရောက်ထောက်ပံ့

မိုးညို သြဂုတ် ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဇေယျဝတီကျေးရွာ တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိရာ ယမန်နေ့က လူနေခြံ ဝန်းအတွင်း မြေပျော့၍ သစ်ပင်လဲခြင်းကြောင့် သစ်ပင် ပိမိခဲ့သော နေအိမ်(၂) လုံးအား ယမန်နေ့နံနက်(၉) နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။

ထိုသို့ သွားရောက်ထောက်ပံ့ရာတွင် သစ်ပင်ပိ၍ ပျက်စီးခဲ့သော နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ ငွေ တစ်သိန်းကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သစ်ပင်ပိနေအိမ်မှ မိသားစုဝင်များအား လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြကြောင်း သိရ သည်။

ကိုမင်း(မိုးညို)