သဲကုန်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ယနေ့နံနက်ပိုင်းက အ.မ.က (တည်သီးပြင်)နှင့် အ.မ.က (ညောင်သုံးပင်)တို့တွင် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ကျောင်းသူများဖြင့် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသော လူငယ်များဖြစ်စေရန် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ဖတ်ရှုလေ့လာသော အလေ့အကျင့်ကောင်းများရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အသိပညာဗဟုသုတများ၊ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်သတိရပြီး မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်ဌေးဌေးမြင့်တို့က ကျောင်းသား/ကျောင်းသူများ ဗဟုသုတရရှိစေရန် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသော စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ ဘုတ်ပြားပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများအား ငှားရမ်းဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကျော်(သဲကုန်း)