လေးမျက်နှာ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့ အမှတ် (၁) ရပ်ကွက် သံသရာငြိမ်းအေးကျောင်းတိုက် ပြည်ငြိမ်းအေးဓမ္မာရုံတွင် ယနေ့နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်အဆင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းမင်းထက်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှိုင်အေး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးထွန်းဝင်းကျော်တို့က လိုအပ်သည်များကိုမှာကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသောပါတီများက ဆွေးနွေးတင်ပြခဲ့ပြီး မဲရုံများနှင့်ပတ်သက်၍ မဲရုံမှူး၊ ဒုမဲရုံမှူးများက အထွေထွေဆွေးနွေးတင်ပြခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်စေရန်၊ ပြည်သူများအနေဖြင့် လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်စေရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ကော်မရှင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)