ပခုက္ကူ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။
“သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့် ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစသည်ဖြင့် အပိုင်း(၃)ပိုင်းခွဲ၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ နိုင်ငံတော်ဩဝါဒစရိယဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ဦးဆောင်မှုဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေနှင့် ဝန်ထမ်းများ၊ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများစုပေါင်း၍ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေး ဝေနေယျသတ္တဝါအပေါင်းတို့အား မေတ္တာပို့သခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ စုပေါင်းအမျှအတမ်းပေးဝေခြင်းများ ဆောင်ရွက်ပြီး နတ်ပန်းရထားဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်း စတင်ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယခုအခါ (၆၅)ကျပ်သားရှိ (၉)လက်မပတ်လည် ရွှေစင်ရွှေပြားအချပ်ပေါင်း(၅၀)ခန့် ကပ်လှူပူဇော်ပြီးစီးကြောင်း၊ ရွှေစင်ရွှေပြား ၁၂ ချပ်ခန့် ကပ်လှူပူဇော်ရန် ကျန်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော်မှုလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ နတ်ပန်းရထားဖြင့် စေတနာရှင်ပြည်သူများကိုယ်တိုင် လှူဒါန်းပူဇော်နိုင်ရေး ဘုရားကြီး၌ နေ့စဉ်နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်ထိ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုစုစုပေါင်းငွေကျပ်သိန်း ၁၂၀၀ ကျော် လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ အရံစေတီ ၃၆ ဆူမှ ၃၂ ဆူအတွက် အလှူခံရရှိထားပြီး အရံစေတီ ၄ ဆူအတွက် ရပ်နီးရပ်ဝေးမှစေတနာရှင် ပြည်သူများအနေဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုတွင် အလွယ်တကူကုသိုလ်ပြု လှူဒါန်းပါဝင်နိုင်ရေး THIHO SHIN PAGODA (၀၉-၇၇၇၈၅၃၅၃၆) အမည်ဖြင့် ဖွင့်လှစ်ထားသော AYA PAY Account QR Code ကို သီဟိုဠ်ရှင်ဂေါပကအဖွဲ့ Facebook Page မှတစ်ဆင့် အသိပေးနှိုးဆော်ထားကြောင်း” ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)