ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်၀င်း လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်

ပုသိမ် ဇန်နဝါရီ ၁၂

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူများနှင့် ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့ အမျိုးသား အုပ်ချုပ်သူက ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြ ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား လိုအပ်သည်များမှာကြားခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်၏ရည်ရွယ်ချက်များမှာ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက် အဝန်း တည်ငြိမ်ရေးတွင်အားလုံးပါဝင်သောလူငယ်များ၏ ဆောင်ရွက်ချက်များအရေးကြီးသည်ကို ပေါ်လွင်စေရန် (Role of Youth)၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာ ရန်နှင့် လူငယ်များအတွက်အခွင့်အလမ်းများ ဖန်တီးပေးရန် (Dialogue and PositiveProblem-Solving)၊ငြိမ်းချမ်းသောအသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန် (Networking and Action Plans)၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်(Capacity Building for Dialogue, Mediation and Communication)၊ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့်စည်းလုံးညီညွတ်ရေး လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေးအထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏အကြံပြုချက်များ ပေါ်ထွက်လာစေရန် (Feedback for  peace, Solidarity and Social Harmony)၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကိုစုစည်း၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ်(Youth Policy Paper) အား ရေးဆွဲတင်ပြနိုင်ရန်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ပြုလုပ်၍ လူငယ်များ၏အတွေးအမြင် အသိဉာဏ်ဖြင့် ငြိမ်းချမ်း‌ရေးအား ထဲထဲဝင်ဝင် သိရှိနားလည်ပြီး လိုက်ပါဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့ မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပြီး  ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ဆွေးနေနွေးရမည့် အချက်အလက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လေ့လာမှု အားကောင်းကောင်းဖြင့် ပါဝင်ဆွေးနွေးကြစေလိုကြောင်း” အမှာစကား‌‌ပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

လှမင်းထွဋ်