ဘိုကလေး ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ယမန်နေ့နံနက်(၆)နာရီမှစတင်၍ မြို့နယ်တွင်းရှိ မဲရုံ (၂၆၅) ရုံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ကျင်းပဆောင်ရွက်ရာ လူငယ်၊ မောင်မယ်များအပါအဝင် မဲဆန္ဒရှင်ပြည်သူများက တက်ကြွစွာဖြင့် ဆန္ဒမဲများလာရောက်ပေးခဲ့ပြီး ရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းစွာဖြင့် ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၈၇၁၄၉) ဦးရှိပြီး မဲရုံပိတ်သိမ်းချိန်အထိ ဆန္ဒမဲလာရောက်ပေးခဲ့သူ (၁၂၃၁၅၀) ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ဆန္ဒမဲပေးသူ (၆၈.၂၂) ရာခိုင်နှုန်းရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မဲရုံပိတ်သိမ်းပြီးချိန်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံတာဝန်ရှိသူများက မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ စာရင်းဇယားများအား စနစ်တကျ သယ်ပိုးယူဆောင်ခဲ့ပြီး ဘိုကလေးမြို့ လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ထံ စနစ်တကျအပ်နှံ၊ စာရင်းဖြည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)