ပြည်ခရိုင်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းနှင့် အုတ်စီအဆင့်(၁) သင်တန်းဖွင့်လှစ်

ပြည် ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်းနှင့် အုတ်စီအဆင့် (၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့ ဇီးအုပ်တောင်သူလယ်သမားသင်‌တန်းကျောင်း၌ ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က မိမိတို့နိုင်ငံမှ ဆောက်လုပ်ရေးဆိုင်ရာလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံသော အဆောက်အဦများ ဆောက်လုပ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိပြီး ဘေးအန္တရာယ် ဖြစ်နိုင်ခြေလျော့ချနိုင်သည့် အဆောက်အဦများ ဆောက်လုပ်တတ်စေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အတွင်းမှ ဆောက်လုပ်ရေးနယ်ပယ်တွင် အမှန်တကယ်လုပ်ကိုင်နေတဲ့ လုပ်သားများကို စနစ်တကျရွေးချယ်ကာ သင်တန်းတက်ရောက် စေခဲ့တာဖြစ်ကြောင်းနှင့် ယခုသင်တန်းဟာ သင်တန်းသားများရဲ့ကျွမ်းကျင်မှုအဆင့်ကို အမျိုးသားအဆင့်မီအောင် စာတွေ့/လက်တွေ့ အချိုးကျသင်ကြားပေးပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးအထိ ဦးတည်လေ့ကျင့်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဦးအောင်မိုးက သင်တန်းပို့ချမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော တာဝန်ရှိသူများနှင့် သင်တန်းသားများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်းမြို့နယ်များမှ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော သင်တန်းသား စုစုပေါင်း ၆၀ ဦးတက်ရောက်ပြီး သင်တန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်းမှ ကျွမ်းကျင်နည်းပြဆရာ/ဆရာမများက ဆောက်လုပ်ရေးဆိုင်ရာ အသိပညာ/အတတ်ပညာရပ်များကို နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများအတိုင်း စနစ်တကျ စာတွေ့/လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းကို ဇန်နဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ရက်သတ္တပတ် လေးပတ်ကြာဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)