ပိုင်ကျုံ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ ၁၁ ရက်နေ့က သက်ဆိုင်ရာမဲရုံအသီးသီးတွင် ရပ်ရွာပြည်သူများတို့မှ အေးချမ်းစွာဖြင့် ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံကြီးကြပ်ရေးမှူး၊ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးစက်ဖော်ပြသည့်စက်နှင့် အီလက်ထရောနစ်မဲပေးစက်တို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စနစ်တကျ ကြိုတင်တပ်ဆင်ခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီတိတိတွင် သက်ဆိုင်ရာမဲရုံမှ မဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာပေးခဲ့ကြကြောင်း၊ ထို့နောက် မဲဆန္ဒပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက အရွေးချယ်ခံလွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်မဲပေးစက်ဖြင့် အခက်အခဲမရှိ ဆန္ဒပြုမဲပေးကြသည်။
ပိုင်ကျုံမြို့၌ ရပ်ကွက်နှင့်ကျေးရွာများတွင် တိုက်နယ်(၂)ခုခွဲ၍ မဲရုံပေါင်း(၄၉)ရုံဖြင့် ဖွင့်လှစ်ကာ ရွေးကောက်ပွဲအပိုင်း(၂)၌ပါဝင် ကျင်းပလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများက သတ်မှတ်မဲရုံများတွင် လွတ်လပ်စွာဖြင့် တက်ကြွစွာဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)