ပွင့်ဖြူ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းရွက် ၁၆၈၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက် ၁၇၄၅ ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၁၆၈၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှ ဟင်းသီးဟင်းရွက် ၁၇၄၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ဒီနေ့အထိ ၁၆၈၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးတာနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံများဖြစ်ဖို့အတွက် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင်၊ ဓာတုဓာတ်ကြွင်းပါဝင်မှု အနည်းဆုံးဖြစ်အောင်၊ အထွက်နှုန်းများ တိုးတက်အောင် နည်းပညာပေးတာတွေ ကြီးကြပ်ဆောင်ရွက်ပေးပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများထွက်ရှိရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများကောင်းမွန်ရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟင်းသီးဟင်းရွက်ကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဟင်းသီးဟင်းရွက်ကို ပိုမိုစိုက်ပျိုးနိုင်ရေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)