ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဒီဇင်ဘာ ၁

ပဲခူးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုနှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့အား ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်တို့သည် သနပ်ပင်မြို့၊ အောက်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ဈေးပိုင်းရပ်ကွက်၊ အခြခံပညာအထက်တန်းကျောင်း(ခွဲ)၊ တောင်ဘက်ကမ်းရပ်ကွက်၊ အခြေခံပညာအထက် တန်းကျောင်းနှင့် ကမာစဲစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌  မဲရုံအသီးသီးတို့တွင် ဒေသခံပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုတို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မဲရုံများအလိုက် MEVM မဲပေးစက်များနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက နည်းပညာအထောက်အကူပြုအဖွဲ့များမှ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ခြင်း၊ အသစ်လဲလှယ်ပေးခြင်းဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးသူများ အေးချမ်းလွတ်လပ်စွာဖြင့် အမြန်ဆုံးဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာမဲရုံတာဝန်ကျအဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။

သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၆၆)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၈၆)ခုရှိပြီး ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆန္ဒမဲပေးသူများအား ကုသိုလ်ဖြစ် ရေသန့်၊ အအေးဗူးနှင့် မုန့်များပေးဝေလျက်ရှိကြောင်း သိရှိရသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်တို့သည် ကဝမြို့၊ ရုံးကြီးရပ်ကွက် မဲရုံနှင့် အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံများ၌ ဒေသခံပြည်သူများ ဆန္ဒမဲလာရောက်မဲပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ကဝမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၁၀၃)ခု၌ ဆန္ဒမဲပေးသည့် မဲရုံ(၁၂၅)ခုရှိပြီး ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆန္ဒမဲပေးသူများအား ကုသိုလ်ဖြစ် ရေသန့်၊ အအေးဗူးနှင့် မုန့်များပေးဝေလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်(၂၈)မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)အား မြို့နယ်(၈)မြို့နယ်တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး၊ အပိုင်း(၂)အဖြစ် ယနေ့တွင်(၁၂)မြို့နယ်၌ ကျင်းပပြုလုပ်လျက်ရှိပြီး၊ အပိုင်း(၃)အား ကျန်ရှိသည့် မြို့နယ်(၈)မြို့နယ်တို့တွင် ဇန်နဝါရီလ(၂၅)ရက်နေ့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)