ပဲခူးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်ရန် နေပြည်တော်သို့ ထွက်ခွာ

ပဲခူး ဇန်နဝါရီ ၁

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လူငယ်များ၏ ပါဝင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်နိုင်မည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို တက်ရောက်ရန် ပဲခူးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့သည် အုပ်ချုပ်သူများနှင့်အတူ ယမန်နေ့နေ့‌လယ်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် ဦးဆောင်ကာ နေပြည်တော်သို့ ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရသည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗင်းရှင်းစင်တာ(၁)တွင် ဇန်နဝါရီလ(၁၃)ရက်နေ့မှ (၁၅) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်သို့ ပဲခူးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ အုပ်ချုပ်သူနှင့် လူငယ်ကိုယ်စားလှယ်(၁၂)ဦး ပါဝင်တက်ရောက်မည်ဖြစ်သည့်အပြင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လူငယ်ကိုယ်စားလှယ်များသည် ပဲခူးတက္ကသိုလ်တွင် ဌာနဆိုင်ရာများအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖိုရမ်တွင်ဆွေးနွေးနိုင်ရန်(၃)ရက်ကြာ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တွင် ငြိမ်းချမ်းရေးလက်ဆင့်ကမ်းခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်း၊  လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေး၊  နိုင်ငံတည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးတွင် လူငယ်များပါဝင်နိုင်ရေး၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစား၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြု စီးပွားရေး၊ လူငယ်ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် မူးယစ်ဆေးတိုက်ဖျက်ရေး၊ သတင်းအချက်အလက်နည်းပညာ(IT)၊ ဉာဏ်ရည်တုနည်းပညာ (AI) ၊ ဆိုက်ဘာ (Cyber Online Security) ၊ လူမှုကွန်ရက်မီဒီယာ (Social Media)၊  ထိရောက်သော သတင်းမှန်ပြန်ကြားရေး စသည့်ခေါင်းစဉ်များကို ပဲခူးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)