ပေါင်းတည် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက်(၆)နာရီမှစတင်၍ ကျင်းပလျက်ရှိရာ မဲရုံအသီးသီးတွင် ရပ်ရွာပြည်သူများသည်အေးချမ်းစွာဖြင့် တခဲနက် ထောက်ခံဆန္ဒမဲများပေးလျက်ရှိသည်။
ယနေ့နံနက် စောစောကပင် မဲရုံကြီးကြပ်ရေးမှူး၊ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးစက်ဖော်ပြသည့်စက်နှင့် အီလက်ထရောနစ်မဲပေးစက်တို့ကို ကြိုတင်စနစ်တကျတပ်ဆင်စစ်ဆေးပြီးနောက် နံနက် ၆ နာရီတိတိတွင် မဲရုံမှူးများက အသံချဲ့စက်ဖြင့် မဲရုံဖွင့်လှစ်ကြောင်း အသံချဲ့စက်ဖြင့် ကြေညာပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် မဲဆန္ဒပေးရန်စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက အရွေးချယ်ခံလွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်မဲပေးစက်ဖြင့် အခက်အခဲမရှိ ဆန္ဒပြုမဲပေးကြသည်။
ပေါင်းတည်မြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာများတွင် မဲရုံပေါင်း(၆၉)ရုံ ဖွင့်လှစ်ကာ ရွေးကောက်ပွဲအပိုင်း(၂)၌ပါဝင် ကျင်းပလျက်ရှိပြီး မဲဆန္ဒရှင်ပြည်သူများက သတ်မှတ်မဲရုံများတွင် အေးချမ်းလုံခြုံစွာဖြင့် တက်ကြွစွာဆန္ဒမဲပေးလျက်ရှိကြကြောင်း သိရသည်။
ရွှေသား(IPRD)