အထက်မင်းလှ ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ နံနက် ၆ နာရီမှစတင်၍ မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံအသီးသီးတွင် မဲပုံများအား နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များအား ပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီး၊ နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံစတင် ဖွင့်လှစ်ကြောင်း ကြေငြာခဲ့သည်။ မဲရုံအသီးသီး၌ မဲရုံဖွင့်လှစ်ချိန်မှ စတင်၍ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး၊ မဲပေးနိုင်ရေးအတွက် အတွင်းအပြင် လုံခြုံရေးဆောင်ရွက်ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၅၃၂၆၁) ဦး ရှိပြီး၊ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၂) အုပ်စုတွင် မဲရုံပေါင်း (၄၈)ရုံ ဖွင့်လှစ်ကာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၄) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၃) ဦး၊ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)