ကျောင်းကုန်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကျင်းပရာ ပြည်သူများ စတင်ဆန္ဒမဲပေး

ကျောင်းကုန်း ဇန်နဝါရီ ၁၁

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌   ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

မဲရုံမဖွင့်လှစ်မီ နံနက် ၅ နာရီမှစတင်၍ မဲရုံအသီးသီးတွင် စမ်းသပ်မဲပေးခြင်း၊ စမ်းသပ်မဲရလဒ်များစစ်ဆေးခြင်း၊ Clear Print ထုတ်ယူခြင်း၊ မဲပေးပြီး အမှတ်အသားများ မဲပေးချက်ဖော်ပြစက်တွင် မရှိကြောင်း မဲရုံကိုယ်စားလှယ်များအားပြသခြင်းနှင့် လုံခြုံရေးကြိုး စနစ်တကျ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နံနက် ၆ နာရီအချိန်တွင် စတင်မဲပေးနိုင်ကြောင်း မဲရုံမှူးများမှ ကြေညာခဲ့သည်။

မဲရုံဖွင့်လှစ်ချိန်မှစတင်ကာ မဲရုံအသီးသီး မဲရုံစတင်ဖွင့်လှစ်ကြောင်း၌ ပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိပြီး အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် အတွင်း၊ အပြင် လုံခြုံရေးဆောင်ရွက်‌ပေးခြင်းနှင့် မဲရုံတာဝန်ရှိသူများက ကူညီခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။    

ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား (၅၃၈၄၇)ဦး၊ မ (၆၀၆၀၂)ဦး၊ စုစုပေါင်း (၁၁၄၄၄၉ )ဦးရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၇၀)အုပ်စု၌ မဲရုံပေါင်း (၁၁၉)ရုံဖွင့်လှစ်ကာ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇)ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)