ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်တုန်း ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အ.မ.ကရေလယ်ကျွန်းနှင့် အ.မ.က ကျွန်းထိပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူးများစသည့် လူငယ်လူရွယ်များနှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဒုတိယဦးစီးမှူး အောင်ရဲကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးအကြောင်းအရာများ၊ သဘာဝ‌ဘေးရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် ‌အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် အသိပညာပေးနယ်လှည့် နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)