ဓနုဖြူမြို့နယ်၌ စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများ ဆောင်ရွက်

ဓနုဖြူ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ယနေ့ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက သပြုကျေးရွာအုပ်စု၊ ကဇင်းတောကျေးရွာရှိ မင်းကမ္ဘာ စက်သုံးဆီအရောင်းဆိုင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဝင်းလှိုင်က မီးဘေးအန္တရာယ်မဖြစ်ပွားမပေါ်ပေါက်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်ဝင်းလှိုင်နှင့်တပ်ဖွဲ့ဝင်များမှ မီးသတ်ရေယာဥ်ဖြင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ရာ မင်းကမ္ဘာစက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)