လွိုင်ကော် ဇန်နဝါရီ ၁၀
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးက စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းများသည် မြို့များအမြန်ဖွံ့ဖြိုးတိုးတက်စေရမည်ဟူသော ရည်မှန်းချက်နှင့်အညီ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဝန်ဆောင်မှုပေးရသည့် မွန်မြတ်သည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ပြည်သူများအတွက် စည်ပင်သာယာရေးနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုကိစ္စရပ်များကို ယခင်ကထက် ပိုမိုထိရောက်မြန်ဆန်စွာဆောင်ရွက်ပေးရန်နှင့် ပြည်သူ့အကျိုးကို အစဉ်သယ်ပိုးနိုင်သည့်အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်အား ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး RC(၂)ထပ် အဆောက်အဦ တည်ဆောက်ခဲ့သော ထက်မြတ်ပိုင်ထူးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိထံသို့ လုပ်ငန်းလွှဲပြောင်းအပ်နှံခဲ့ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသစ်ဖွင့်ပွဲနှင့်စပ်လျဉ်း၍ မြို့နယ်အမှုဆောင်အရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အထက(၅)ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က တီးမှုတ်ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသည် အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့၍ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများရပ်နားခဲ့ရပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ်သန်း ၉၂၀ ဒသမ ၇၁ သန်းဖြင့် RC (၂)ထပ် အဆောက်အအုံသစ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)