တောင်တွင်းကြီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တောင်တွင်းကြီး ဇန်နဝါရီ  ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (community centre) ခန်းမ၌ ယမန်နေ့ နေလယ်(၁)နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။

ဦးစွာ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးညီညီထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ပြုလုပ်မည့် အစီအစဉ်များတွင်ပါဝင်သည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပမည့်နေရာများ ရွေးချယ်သတ်မှတ်ထားသည့်နေရာများကို ရှင်းလင်းတင်ပြခြင်း၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ၊  အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ကျင်းပမည့်အစီအစဥ်များ၊  ပန်းချီပြခန်း၊ အားကစားပြိုင်ပွဲများ စသည့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အခြေအနေများနှင့် အဆိုပါအခန်းများတွင် ဆရာ၊ ဆရာမထားရှိရန် ရွေးချယ်သတ်မှတ်ခြင်း၊ ပြိုင်ပွဲများတွင် အမှတ်ပေးစစ်ဆေးမည့် ဆရာ၊ ဆရာမများ ရွေးချယ်သတ်မှတ်ခြင်း၊ ပြိုင်ပွဲကျင်းပမည့် စာသင်ခန်းများအလိုက် ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကိုလတ်က ကျောင်းစာကြည့်တိုက် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သင်ထောက်ကူပြခန်း၊ အိမ်တွင်းမှုပြခန်းများအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်းနှင့် အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ (ထက်၊ လယ်၊ မူ)အဆင့် ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများ၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)