ရေနံချောင်း ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မေဂျာပေါင်းစုံ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက ယခုပညာသင်နှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ စတင်တက်ရောက် ပညာသင်ယူကြမည့် မောင်မယ်သစ်လွင်များကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ဗလငါးတန်းနှင့်ပြည့်ဝစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတများကိုလည်း အမြဲမပြတ်လေ့လာသင်ယူကြဖို့လိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းသားကျောင်းသူ တစ်ဦးချင်းလိုက်နာရမည့် ကျောင်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းအသီးသီးတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပညာရည်ချွန်ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် မောင်မယ်သစ်လွင်များကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)