မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် ၂၀၂၆ခုနှစ်၊ မိုးလွန်ကာလ စုပေါင်းသစ်ပင် ရေလောင်းပွဲတော်အခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၁၀

သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးစေရေးနှင့် သစ်တော၊ သစ်ပင်များ တိုးပွားရှင်သန်စေရန်ရည်ရွယ်၍  ၂၀၂၅ခုနှစ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊ မကွေးတက္ကသိုလ်အရှေ့ဘက်၊ အောင်စေတနာရပ်ကွက်၌ စိုက်ပျိုးခဲ့သည့် အရိပ်ရအပင်များနှင့် လေကာတန်းပင်များအား ရေလောင်းပြုစုခြင်း အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က မကွေးတက္ကသိုလ်အရှေ့ဘက် ၊အောင်စေတနာရပ်ကွက်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိများ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။        

မိုးလွန်ကာလစုပေါင်းရေလောင်းပွဲတော်အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ကျင်းပသည့်မိုးလွန်ကာလ စုပေါင်းရေလောင်းပွဲတော် အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒုတိယအကြိမ် ထပ်မံကျင်းပခြင်းဖြစ်ပြီး၊သစ်တောသယံဇာတများ   ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ဖို့နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများတက်ကြွစွာပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း၊ မိမိတို့မကွေးတိုင်း ဒေသကြီးအတွင်း ခရိုင်၊မြို့နယ်အလိုက်လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခဲ့ပြီး စိုက်ပျိုးပြီးသစ်ပင်များအား မိုးရာသီအလွန်ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို ကာလရှည်ရင်ဆိုင်အံတုနိုင်ဖို့ စိုက်ပျိုးပြီးသစ်ပင်များ ဆက်လက်ရှင်သန်ကြီးထွားဖို့အတွက်ရေလောင်းခြင်းသည်အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ဖြစ်ထွန်းမှုရှိမှသာ ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ကိုများစွာအထာက်အကူဖြစ်စေမှာဖြစ်ကြောင်း၊စိုက်ပျိုးပြီး သစ်ပင်များအား မိုးရာသီအလွန် ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို ကာလရှည်ရင်ဆိုင်အံတုနိုင်ဖို့ ပြည်သူများပါဝင် စုပေါင်း၍ မြေဆွေးထည့်ခြင်း၊ အမြစ်ဇုန်ထိရောက်အောင် ရေလောင်းခြင်း၊ ပေါင်းရှင်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ မြေပဲခွံများဖုံးအုပ်ခြင်း လုပ်ငန်းများကို ရာသီအလိုက် လုပ်ဆောင်၍ထိန်းသိမ်းရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များစွာရှိတဲ့အနက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် အဓိကကျကြောင်း သဘာဝပတ်ဝန်းကျင် ပျက်စီးသွားပါက စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် အလွန်ခဲယဉ်းသွားမှာဖြစ်သည့်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟုသော ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးပြီး တဲ့သစ်ပင်များကို တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်အောင်မြင်အောင် ပြုစုထိန်းသိမ်း၍ သဘာဝပတ်ဝန်းကျင်ကောင်း ရရှိရေးအတွက် သစ်တောသစ်ပင်များ စုပေါင်းရေလောင်းပြုစုပြီး ရေရှည် တည်တံ့အောင် မိမိတို့ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်ပြည်သူများအနေဖြင့် အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက အရိပ်ရအပင်များနှင့် လေကာတန်းပင်များအား ဓာတ်မြေဩဇာကျွေးခြင်း၊ မြေပဲခွံများဖုံးအုပ်၍ သစ်မျိုး(၁၀)မျိုး၊ အပင်ပေါင်း(၁၂၀၀)ပင်အား တစ်ပျော်တစ်ပါးရေလောင်းခဲ့ကြရာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကစိုက်ပျိုးပြီးသော သစ်ပင်များရေလောင်းပြုစုထိန်း သိမ်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)