ပြည် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ နေ့သင်တန်း (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်နှင့် သဟာယအဖွဲ့ဝင်များ သတ်မှတ်နေရာယူကြသည်။
ယင်းနောက် ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ပြည်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့်ပေးအပ်သည်။
ပြည်တက္ကသိုလ်-နေ့သင်တန်း (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အထိ နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး အဆိုပါဘွဲ့နှင်းသဘင်၌ ၂၀၂၄ - ၂၀၂၅ပညာသင်နှစ်တွင် ပြည်တက္ကသိုလ်ကကျင်းပခဲ့သော ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ မဟာဥပဒေဘွဲ့၊ ကွန်ပျူတာဒီပလိုမာဘွဲ့(၁၉/၂၀၂၄-၂၀၂၅)(DCS)နှင့် စီးပွားရေးဥပဒေပညာဒီပလိုမာဘွဲ့(၃/၂၀၂၄-၂၀၂၅)(DBL) စာမေးပွဲအသီးသီးကို အောင်မြင်ခဲ့ကြသည့် (နေ့သင်တန်း) များမှ ဘွဲ့ရကျောင်းသား၊ကျောင်းသူစုစုပေါင်း (၇၇၂) ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်ခြင်းဖြစ်ကာ အလားတူ ဇန်နဝါရီလ (၁၇/၁၈)၊ (၂၄/၂၅) နှင့် (၂၉/၃၀) ရက်နေ့တို့တွင်လည်း ပြည်တက္ကသိုလ်၏ (အဝေးသင်) ဘွဲ့ရကျောင်းသား၊ကျောင်းသူစုစုပေါင်း (၄၃၀၆) ဦးအား ဘွဲ့လက်မှတ်များ ဆက်လက်အပ်နှင်းချီးမြှင့်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။
ကိုဆက်(ပြန်/ဆက်)