ရွှေသောင်ယံ ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နေ့လည်(၁၂)နာရီက ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းသော ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာ (KG)တန်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ယခု (၂၀၂၆) ခုနှစ်တွင် ပထမအကြိမ်ကျွေးမွေးဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလိုကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် မိသားစုများအနေဖြင့် မိမိတို့မိသားစုတွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံများကို သိရှိခြင်း၊ အလေ့အကျင့်ကောင်းများကို လိုက်နာတတ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ကျောင်းသား၊ ကျောင်းသူ အနာဂတ်သားကောင်းများကို မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများသည် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ဖြစ်ပြီး ကျောင်းတက်စကလေးအရွယ်မှစ၍ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအသောက်များ အမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန် ကျောင်းတွင်အာဟာရ ကျွေးမွေးခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် KG -တန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရ ကျွေးမွေးရာတွင် အစာအုပ်စု(၃)အုပ်စုပေါ် မူတည်၍ ရွေးချယ်သတ်မှတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ချက်ပြုတ်ပြင်ဆင်ကာ ရွှေသောင်ယံမြို့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများမှ ဝိုင်းဝန်းစီစဉ်ဆောင်ရွက်၍ ကျွေးမွေးပြုစုပေးခဲ့ကြောင်းသိရသည်။
ကိုကိုမောင်
ရွှေသောင်ယံ(ပြန်/ဆက်)