သဲကုန်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)ရှိသာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ကျောင်းသား/ ကျောင်းသူအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်း လူငယ်လူရွယ်များဖြစ်ပေါ်စေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အတွေးအခေါ်မှန်ကန်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (သဲကုန်း)မှ ဆရာ ဦးအောင်ပြည့်စုံ၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(သဲကုန်း)မှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းပြီး ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကျော်(သဲကုန်း)