သဲကုန်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော TBL-9 မတ်ပဲစိုက်ဧကများတွင် နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်းမြေဩဇာဖျန်းပက်ခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ချားလျားကုန်းအုပ်စု၊ ဖလံကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၇၆)၊ တောင်သူဦးဝင်းမြင့်၏ TBL-9 မတ်ပဲ(၅)ဧကစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ပဲသီးနှံစိုက်ပျိုးသော ဒေသခံစိုက်ပျိုးရေး တောင်သူများအနေဖြင့် နွားကျင်ငယ်ရေကို စိုက်ပျိုးရေးဆေးတစ်မျိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတတ်စေရန်၊ သဘာဝမြေဩဇာဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိူးမရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ စိုက်ပျိုးရေးဆေးများကဲ့သို့ အကျိုးကျေးဇူးများစွာရရှိနိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် မတ်ပဲရေဆင်း-၄ (၂၇၁၁ဧက)၊ ရေဆင်း-၇ (၁၀၀၀၀ေဧက)၊ TBL-9 (၂၅၀၀၀ဧက)၊ ပဲတီစိမ်း (သြဇီ-၁၁၂၃ဧက)၊ ရေဆင်း-၁၄ (၅၅၉ဧက)၊ ပဲကြီး (ဒေသမျိုး ၁၃၉ဧက)၊ ဘိုကိတ်ပဲ (ဒေသမျိုး ၁၆၈၂၂ဧက)၊ ပဲနောက် (ဒေသမျိုး ၇၅ ဧက)စုစုပေါင်း (၅၆၄၁၈) ဧကစိုက်ပျိုးရန်လျာထားလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုကင်းရှင်းစေရေး၊ မြေဩဇာများနှင့် ပိုးသတ်ဆေးများစနစ်တကျ သုံးစွဲတတ်စေရေး၊ အထွက်နှုန်းများကောင်းမွန်စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (သဲကုန်း)