သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(သရက်ချောင်း) ပညာရတနာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား/ကျောင်းသူများက တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားဖွင့်လှစ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက နိုင်ငံတော်အနေဖြင့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် အခြေခံပညာစာသင်ကျောင်းများမှ ဆရာ/ဆရာမများရဲ့ပဲ့ပြင်သွန်သင်ဆုံးမပြုစုပျိုးထောင်သင်ကြားပေးမှုများနှင့် ဘက်စုံထူးချွန်သည့် ကျောင်းသား/ကျောင်းသူ၊ လူငယ်များဘက်စုံဖွံ့ဖြိုးရေး
တိုးတက်ရေးလုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပြီး ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်တာဝန်ခံပညာရေးမှူး ဦးခင်မောင်စိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူတို့က အမှာစကားနှင့် ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်ချက်များနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်နှင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့ကြောင်း
သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)