ပန်းတောင်းမြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ပန်းတောင်း ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ရိုက်နှိပ်သည့် ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်မြို့ အ.ထ.က ကျောင်းရှေ့ လမ်းမကြီးပေါ်ရှိ ဖြတ်သွားဖြတ်လာ ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ  ပါဝင်သောပူးပေါင်းအဖွဲ့က “ဒို့အတူတူမဲပေးကြမယ်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့”၊ “ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ”၊ “ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာဖော်ဆောင်နိုင်ပါသည်”၊ “ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့”၊ “နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့” စသည့် အကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၊ ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)