ပဲခူး ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပဲခူး)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်း CONVOCATION HALL တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ကျောင်းအုပ်ဆရာကြီး ဦးဩဩကျော်က မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများက ပဲခူး (GTI)Theme Song ဖြင့် အဖွင့်သီချင်းသီဆိုကာ Major ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဩဩကျော်နှင့် ဆရာ၊ ဆရာမများက ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Table Tennis ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ပဲခူး) ကျောင်းအုပ်ဆရာကြီး ဦးသြသြကျော်နှင့် ဌာနအသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)