ပုလောမြို့နယ်၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ပလောက် ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပြည်ခြားကျေးရွာအုပ်စု၊ နန်တောင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပလောက်မြို့ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်ပြီး နန်းတောင် ကျောင်းအုပ် ဆရာမကြီး ဒေါ်လှိုင်းဖြူပြာလင်းက  ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်တိုးတက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုနှင့် ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိဘများနှင့်ကျောင်းကော်မတီဝင်အားလုံး ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးမှုအခြေအနေများ၊ ကာယ၊ ဉာဏစွမ်းရည်ဆုများ၊ အခြားဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တွင် KG အတန်းမှ G-5 အတန်းထိ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကာယ၊ ဉာဏဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား တပ်နယ်မှ တာဝန်ရှိသူများ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များက ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများနှင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)