မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနား ကျင်းပ

မြဝတီ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင် ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်၌ (၄၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဇန်နဝါရီလ (၁) ရက်နေ့မှ (၉) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရွှေမြင်းဝန်စေတီတော်၏ မြောက်ဘက်မုဒ်မဟာမြတ်မုနိစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ မြသုခတပ်ဦးကျောင်း၊ ဒေါက်တာအရှင်ပညာနန္ဒနှင့် သံဃာတော်အရှင်သူမြတ်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးစိန်သောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်၊ အလှူရှင်ပရိတ်များက  နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မြသုခတပ်ဦးကျောင်း၊ ဒေါက်တာအရှင်ပညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက်မြဝတီမြို့ သံဃာ့ဝန်ဆောင်ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မဇော်တိကဓဇက မဟာပဋ္ဌာန်းအောင်ပွဲ အနုမောဒ နာဂါထာကို ဖတ်ကြားပူဇော်ခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် မတည်အလှူရှင် ဧည့်သည်တော်များက လှူဖွယ်ဝတ္တုပစ္စည်းများကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မြသုခတပ်ဦးကျောင်းဆရာတော်ဒေါက်တာ အရှင်ပညာနန္ဒထံမှ အနုမောဒနာတရား နာကြား၍လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)