ဟားခါး ဇန်နဝါရီ ၉
ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆)ကို ဇန်နဝါရီလ ၈ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းကော်မတီရှိတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ် ဝဥသမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဝဥကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်နိုင်ရေးသည် နိုင်ငံတော်က အားပေးသည့်လုပ်ငန်းဖြစ်ကြောင်း၊ ထိုသို့ဝဥကုန်ကြမ်းများ ကုန်ချောအဖြစ်ထုတ်လုပ်နိုင်ပါက ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပေးနိုင်သည်ကို အားလုံးလက်ခံထားပြီးဖြစ်ကြောင်း၊ ဟားခါးမြို့တွင် ဆောက်လုပ်မည့် ဝဥလွှာခြောက်စက်ရုံကို အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အစိုးရကပဲ အားစိုက်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိကကလည်း အားစိုက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်များရှိနိုင်ကြောင်း၊ ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အားနည်းချက်များ ဖော်ထုတ်ပြီး ဝိုင်းဝန်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသူများက လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးက ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်က ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅ / ၂၀၂၅) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လုပ်ငန်းကော်မတီများက ရှင်းလင်းတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်က ဝဥလွှာ ခြောက်စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ညှိနှိုင်းအဆုံးအဖြတ်ပြုလုပ်ရန် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြပြီးနောက် ဝဥလွှာခြောက် စက်ရုံတည်ဆောက်နိုင်ရေးအတွက် စက်ပစ္စည်းသယ်ယူရေးလုပ်ငန်းကော်မတီ၊ တည်ဆောက်ရေး လုပ်ငန်းကော်မတီ၊ ဝယ်ယူရေးလုပ်ငန်းကော်မတီနှင့် မြေနေရာရရှိရေးလုပ်ငန်းကော်မတီတို့မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် ဟားခါးမြို့နယ် ထာသဲလ်ဝဥသမဝါယမအသင်း၊ ရုန်းဝဥသမဝါယမ အသင်းနှင့် စီတီလျန်ဝဥသမဝါယမအသသင်းတို့မှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြလိုသည့် အချက်များတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမင်းဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်တို့က ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)