တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများနှင့် ကိုယ့်အားကိုယ် ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန် မတည်ငွေ ကျပ်သိန်း(၅၀၀) ပေးအပ်

မြိတ်  ဇန်နဝါရီ    ၈

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၈)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ကြသည်။

ပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ရဲမှုထမ်းဟောင်းများအနေဖြင့် နိုင်ငံအတွင်းနေရာ အနှံ့အပြား တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ခဲ့သူများဖြစ်ကြကာအတွေ့အကြုံများစွာရှိသူများဖြစ်သည့် အားလျော်စွာအဖွဲ့ဝင်များ စုစုစည်းစည်း၊ စည်းစည်းလုံးလုံးနှင့် နိုင်ငံတော်၏ တာဝန်များကိုဆောင်ရွက်ပေးကြစေလိုကြောင်း၊ တာဝန်ထမ်းဆောင်နေကြသော ရဲမှုထမ်းများအနေဖြင့် ရဲမှုထမ်းဟောင်းများ၊ မိသားစုဝင်များကို ချစ်ချစ်ခင်ခင်ဖြင့် သာရေးနာရေးကိစ္စများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီများကို ပေးအပ်ရာ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ရဲမှူး ကျော်ဝင်း(ငြိမ်း)ကလည်းကောင်း၊ တိုင်းဒေသကြီး ရဲမှုထမ်းဟောင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ထွန်းက ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီများကိုပေးအပ်ရာ မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူး ရဲအုပ်ဟန်သိန်း(ငြိမ်း)ကလည်းကောင်း လက်ခံရယူသည်။

ဆက်လက်၍ မြိတ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ရဲမှူးကျော်ဝင်း(ငြိမ်း)က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။ ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်  မြိတ်မြို့ ဘုရားငါးဆူ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် မတည်ငွေပေးအပ်ပွဲ တက်ရောက်သည်။

မတည်ငွေပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြိတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူလတန်းကြိုကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ မတည်ငွေများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မူလတန်းကြို ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန်  မတည်ငွေကျပ်သိန်း(၅၀၀)နှင့် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့ တူညီဝတ်စုံအတွက် ကျပ်သိန်း(၅၀) ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး မူလတန်းကြိုကျောင်းမှ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)