တနင်္သာရီ ဇန်နဝါရီ ၈
၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပညာရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က (တနင်္သာရီ) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းများ၊ လူရည်ချွန်ဆုနှင့် ထူးချွန်ဆု ရရှိသော ကျောင်းသား၊ ကျောင်းသူများအား၊ အမှတ် (၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)