မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အထွေထွေရွေးကောက်ပွဲ အပိုင်း-၂ တွင် ပါဝင်သည့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

စဉ့်ကိုင် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ‌‌ပလိပ်ကျေးရွာအုပ်စု၊ ဈေးသစ်ရပ်ကွက်၊ အ.ထ.က (ပလိပ်) မဲရုံအမှတ် (၄) တွင်လည်းကောင်း၊ မြို့သစ်ရပ်ကွက်ရှိ အ.ထ.က (စဉ့်ကိုင်) မဲရုံအမှတ် (၁) တွင် လည်းကောင်း၊ တရုတ်စုရပ်ကွက်ရှိ အ.လ.က(ခွဲ) (တရုတ်စု) မဲရုံအမှတ် (၁) တွင်လည်းကောင်း၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ဦးဓမ္မာရုံ မဲရုံအမှတ် (၃)တွင် လည်းကောင်း၊ တောင်ရင်းကျေးရွာအုပ်စု၊ အ.မ.က (တောင်ရင်း) ရှိ မဲရုံအမှတ် (၁) တွင်လည်းကောင်း မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ရောက်ရှိစဉ် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးမြင်နိုင်၊ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့တို့က ကြိုဆိုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲရုံများအလိုက် တာဝန်ကျသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)များအား သတ်မှတ်ပုံစံအတိုင်း စနစ်တကျ နေရာချ တပ်ဆင်ပြီးစီးမှု ရှိ/မရှိ အခြေအနေများ၊ မဲရုံတာဝန်ကျသူများအနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတိုင်း ပြည့်စုံစွာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်း ရှိ/မရှိအခြေအနေများ၊ မဲရုံများ အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ မဲရုံများ၏ အလင်းအမှောင်အား ကြည့်ရှု၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် အချိန်ကြံ့ကြာမှု မရှိစေရေး မဲစာရင်းအမှတ်စဉ် နံပါတ်ပါအသိပေးကြေညာခြင်း Slip များ မဲဆန္ဒရှင် ပြည်သူများထံသို့ ဖြန့်ဝေထားရှိမှု အခြေအနေများ စသည့်တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်ပြည်ပြီး ဆန္ဒမဲပေးရန် အကျုံးဝင်သည့် ပြည်သူများ ရာနှုန်းပြည့်မဲပေးနိုင်ရေးနှင့် လွယ်ကူလျင်မြန်စွာမဲပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)