ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

ပခုက္ကူ ဇန်နဝါရီ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က   ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့်အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက  ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားနှင့် စစ်မှုထမ်းအချိန်ကာလသတ်မှတ်ချက်များ၊  ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည့် အချက်များအကြောင်းတို့ကို  အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဆရာမများ၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများ တက်ရောက်ကြပြီး  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်