ကြံခင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ကြံခင်း ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမ၊ ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးကဏ္ဍမြင့်မားတိုးတက်လာပြီး ဘက်စုံထူးချွန်သော မျိုးဆက်သစ်များ ပေါ်ထွန်းလာ၍ အနာဂတ်၏သားကောင်းရတနာများ ဖြစ်လာစေရေး ကြိုးစားကြရန် တိုက်တွန်းပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျင်းပပေးလျက်ရှိကြောင်း၊ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်အောင် သင်ကြားပြသပေးသော ဆရာ၊ ဆရာများအား ချီးမြှင့်သော ပွဲတစ်ခု ပင်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် အောင်ချက်အကောင်းဆုံးကျောင်း၊ ထူးချွန်အောင် သင်ကြား ပြသပေးသော ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဉာဏ၊ ကာယဆုများ ရရှိကြသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြသည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် အောင်ချက်အကောင်းဆုံး အ.ထ.က(ရေနံတောင်)၊ အ.ထ.က(၁)၊ အ.ထ.က (စက်စိုက်မွေး) ကျောင်း(၃)ကျောင်းနှင့် ထူးချွန်အောင်သင်ကြားပြသပေးကြသော အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမ (၄၀)ဦး၊ ဉာဏထူးချွန်ကျောင်းသား၊ ကျောင်းသူ (၄၈)ဦးနှင့် ကာယထူးချွန် (၁၉) ဦးတို့အား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)