ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နဂါးရုံဘုရား၊  ၉ တောင်ပြည့်စေတီတော်ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်ကြည်ညို

ပုသိမ် ဇန်နဝါရီ ၈

အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မြို့မဆရာတော် ဘဒ္ဒန္တကောဝိဒအမှူးပြုသော ဆရာတော်များနှင့် နဂါးရုံဘုရား၊  (၉)တောင်ပြည့်စေတီတော် ရွှေသင်္ကန်းကပ်၊ အောင်ဝိဇ္ဇာဓမ္မာရုံ၊ ရေသိမ်တော်နှင့် ဓါတုဝိဇ္ဇာကျောင်းဆောင် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို  ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာကားလမ်း (၂၃) မိုင်ရှိ၊ အောင်ချမ်းသာတောရကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ+ဒါယိကာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ပုသိမ်မြို့၊ မြို့မဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ၏ တပည့်ဒါယကာ+ဒါယိကာမများဖြစ်သည့် (ရှမ်း၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ တောင်ရိုး၊ မြန်မာ၊ ကရင်စသော တိုင်းရင်းသား)များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် အခမ်းအနားကို ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီးနောက် (အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၊ (အဘိဓဇအဂ္ဂမဟာမင်္ဂလာဓမ္မဇောတိက) ပုသိမ်မြို့၊ မြို့မဆရာတော်ကြီး ဘဒ္ဒန္တကောဝိဒ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ မြို့အေးကျောင်းတိုက်၏ ပဓာနနာယက ဘဒ္ဒန္တခေမာဝံသ (သာသနဓဇဓမ္မာစရိယ)ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ယင်းနောက် ရတနာရွှေမိုး၊ ငွ မိုးများရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများက နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်