ပုသိမ် ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဧရာဝတီ(ရေကြည်) မိုးစပါးဓာတုကင်းလွတ်ပေါ်ဆန်းမွှေး (၂၅၀)ဧက အထူးဇုန် စံပြစိုက်ခင်းစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက တောင်သူဦးကြည်ခိုင်စိုး၏ စိုက်ဧက(၅၀)ဧကတွင် ပြုလုပ်ခဲ့ရာ စံကွက်ရိတ်သိမ်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် စံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီးနောက် တောင်သူများနှင့် တွေ့ဆုံ၍“ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ တောင်သူများ၏ စိုက်ဧကများတွင် မြေဆီလွှာများ ပြန်လည်ကောင်းမွန်ရန်အတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကို ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းအရည်အသွေးကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းစိုက်ပျိုးခြင်းအား ရေရှည်တည်တံ့အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ သုတေသနမှူး(တာဝန်ခံ)က ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအောင်မြင်အောင် သုတေသနပြုဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပေါ်ဆန်းစပါးစိုက်ဧကများ တိုးတက်စိုက်ပျိုးနိုင်ရေးအခြေအနေများကို ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် အောင်ရေပေးဝေနိုင်ရေးအတွက် လက်တံ(၃)မြောင်းနှင့် လက်တံ(၄)မြောင်း ဆောင်ရွက်မည့် ရေထုတ်ပေါက်တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာ၊ တောင်သူဦးမောင်မောင်သန်း၏ စိုက်ဧက(၅.၀၀) ဧကတွင်စိုက်ပျိုးထားသည့် Suryakiran (အိန္ဒိယနေကြာစပ်မျိုး) နေကြာစံပြစိုက်ခင်းအား ကြည့်ရှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နေကြာစိုက်ခင်းခင်းတွင် ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်စေရေး မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)