ပုဂံ ဇန်နဝါရီ ၈
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်း (Structural Conservation)၊ နံရံပန်းချီထိန်းသိမ်းခြင်း (Mural Conservation)နှင့် တူးဖော်သုတေသနပြုခြင်း (Excavation) လုပ်ငန်းများကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခင်က သဗ္ဗညုဘုရားကြီး၏အနောက်ဘက် အဝင်မုခ်မျက်နှာကြက်တွင်သာ နံရံပန်းချီရှိကြောင်း သိရှိခဲ့ရပြီး ယခုအခါ တရုတ်ပညာရှင်အဖွဲ့က ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်ရာတွင် သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများအောက်တွင် နံရံဆေး ရေးပန်းချီ ရှိ/မရှိကို စမ်းသပ်အစိတ်အပိုင်းငယ်နေရာ (၄၀) အား သန့်စင်ရာမှ တတိယထပ် အာရုံခံတောင်ဘက်နံရံနှင့် တတိယထပ်တိုက်မအဝင် မုခ်ပေါက်ဘေးနံရံ (၂) နေရာတို့တွင် နံရံဆေးရေးပန်းချီများရှိကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်း ဦးဆောင်သော အရာထမ်း/အမှုထမ်းများ ပါဝင်သောအဖွဲ့မှ သဗ္ဗညုဘုရားကြီးသို့ သွားရောက်၍ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ဖော်ထုတ်တွေ့ရှိခဲ့သော နံရံဆေးရေးပန်းချီများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တရုတ်ပညာရှင်အဖွဲ့က တတိယထပ်အပြင်ပတ်လမ်း တိုက်မပစ္စယံခုံ တောင်ဘက်နံရံတွင် အပိုင်း (၂) ပိုင်းခွဲ၍ Dry Cleaning နှင့် Wet Cleaning နည်းလမ်း (၂) မျိုးဖြင့် ချေးချွတ်သန့်စင်ခဲ့ခြင်းကို နှိုင်းယှဉ်ပြသဆွေးနွေးခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း