သံတောင်ကြီး ဇန်နဝါရီ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်း အလေ့အထပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံး စားသုံးနိုင်ရန် မျှစ်ချဉ်များ ပြုလုပ်ကြသည်။
မျှစ်များလှိုင်လှိုင်ထွက်ရှိသည့် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မျှစ်ချဉ်များ ပြုလုပ်ပြီး သိုလှောင်ထားကြရာ ယခုအချိန်တွင် ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်း သိရသည်။
မိုးအတွင်း မျှစ်များလှိုင်လှိုင်ထွက်ရှိချိန်တွင် ဝါးပိုးမျှစ်များကို အနေတော်အတုံးများ ပိုင်းဖြတ်ကာ ရေဖြင့်သန့်စင်ပြီး ပလပ်စတစ်အိတ်တွင် ကြပ်နေစေရန် ထုတ်၍ ခြင်းတောင်းတွင် ထည့်သည်။
ထို့နောက် ကျောက်ခဲနှင့်ဖိထားပြီး ၃လကြာသည့်အချန်တွင် မျဉ်ချဉ်များရရှိသည်။ မျှစ်ချဉ်များသည် လူတိုင်းကြိုက်နှစ်သက်သည့်အစားစာဖြစ်သည့်အပြင် ငွေကုန်ကြေးကျမများပဲ အနံ့အရသာပြည့်စုံသော ဟင်းချက်စရာဖြစ်သည့်အတွက် ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက်မျှစ်ချဉ်များမှာ ဓာတုပစ္စည်းများ အသုံးပြုခြင်းမရှိပဲ သဘာဝစစ်စစ်ဖြင့် ပြုလုပ်သည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူမြို့သို့ တင်ပို့ရောင်းချကြရသည်။
အဆိုပါ မျှစ်ခြောက်တစ်ပိဿာကို ယခုနှစ်တွင် ကျပ် (၆၀၀၀) မှ ကျပ် (၇၀၀၀) အထိ ရရှိသည့်အတွက် မျှစ်ချဉ်ရောင်းဝယ်လုပ်ကိုင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နော်နော်မူ