ပလောက် ဇန်နဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတတိုးပွားရေးနှင့် ပညာရည်တိုးတက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူအားလုံး ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြား၍ အ.ထ.ကကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်တိုးတက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိဘများနှင့် ကျောင်းကော်မတီဝင်အားလုံး ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးမှု အခြေအနေများ၊ ကာယ၊ ဉာဏစွမ်းရည်ဆုများ၊ အခြားဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် KG အတန်းမှ G-11 အတန်းထိ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများနှင့်ကာယ၊ ဉာဏဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများနှင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)