ပေါက်ခေါင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်း ဖွင့်လှစ်

ပေါက်ခေါင်း ဇန်နဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်က မဲရုံမှူးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် ရွေးကောက်ပွဲအရာရှိ ဦးဝေနော်က မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား မဲရုံများတွင် မဲစာရင်းများမှန်ကန်စေရေးနှင့် လုံခြုံမှုရှိစေရေးကိစ္စများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ပထမအကြိမ်မဲပေးမှုမှ အတွေ့အကြုံများအား တက်ရောက်လာကြသော ဆရာ၊ ဆရာမများအား ပြန်လည်မျှဝေခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိက ရွေးကောက်ပွဲတွင် မဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ (၁၂၀) ဦးအား မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းတာဝန်များအား သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)