ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရွှေတောင် ဇန်နဝါရီ ၈

မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူ လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.ကယောဒေါင့်တွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် အ.မ.က(ယောဒေါင့်)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးတစ်ယောက်၏ အလုပ်လုပ်နိုင်သည့်အသက်အရွယ်နှင့် ဥပဒေပါအကြောင်းအရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးစသည့် အကြောင်းအရာများကိုရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က တောလက်ဖက်(ခ)ကြက်တက်ရွက်၏ ဆေးဖက်ဝင်ပုံအကြောင်း၊ သုံးစွဲရန်မသင့်သည့် တိုင်းရင်းဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူနှင့်အဓိပ္ပာယ်၊ ကုန်ညွှန်းအမှတ်အသား(၈)ချက်အကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းပြနည်းစနစ်မှူး ဒေါ်သပြေက အကြောလျော့နည်း၊ အားကစားနည်း(၄)မျိုးနှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က "ကြွက်ကလေးတွေရဲ့သုခဘုံ" စက္ကူပြဇာတ်ခေါင်းစဉ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)